ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၌ ဒို့အိမ်၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၌ ဒို့အိမ်၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အမှတ် ၉ ရပ်ကွက် (၃၁)လမ်းနှင့် (၃၂) လမ်းကြား (အောက်ဘလောက်) အမျိုးသား စာကြည့်တိုက်၏ အနောက်ဘက်တွင် ဒို့အိမ်လူမှုအကျိုးပြု လုပ်ငန်း၏ ၁၁ ခုမြောက် နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့် လှစ်ခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန် မြို့ပြမှာနေထိုင်နေကြတဲ့၊ အထပ်မြင့်အိမ်တွေမှာ နေကြရတဲ့သူတွေဟာ ကျယ်ဝန်းတဲ့ ဧရိယာရရှိဖို့ အလွန်ခက်ခဲပါတယ်။ စိမ်းလန်းတဲ့ပန်းခြံတွေ ရှိနေနိုင်ဖို့အတွက် နေရာအခက်အခဲတွေများစွာ ရှိပါတယ်။ ဒီနေရာမှာ နောက်ဖေးလမ်းကြားတွေကို စနစ်တကျနဲ့ ဥယျာဉ်လေးလို ဖန်တီးထားမယ်ဆိုရင် ဒီလိုတိုက်ခန်းတွေ မှာ နေထိုင်နေရတဲ့ ကျွန်တော်တို့ပြည်သူတွေအတွက် ခဏတာလာပြီး လမ်းလျှောက်မယ်။ ကလေးတွေလာပြီး ကစားနိုင်တယ်။ ဒီအခြေအနေ အခွင့်အလမ်းတွေကိုရရှိ ဖို့အတွက် အခုလို ကြိုးပမ်းဆောင်ရွက်မှုဟာ ဝမ်းသာစရာ ကောင်းပါတယ်။ ဒီမြို့ရွာမှာနေထိုင်ကြတဲ့ ပြည်သူတွေ အတွက် များစွာအထောက် အကူဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကမ္ဘောဇဘဏ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်၊ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်၊ ဒို့အိမ်မှ လက်ထောက် ဒါရိုက်တာဘယ်(လ်)ဗလီတို့က မုဒိတာ စကားပြောကြားခဲ့ကြပြီး ပန်းဘဲတန်းမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။